စံပါယ်ပွင့်၏ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ပုံ
စံပါယ်ပွင့်၏ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ပုံ
ချောင်းဆိုးရောဂါ၊ အမောရောဂါ၊ အဆုတ်ရောဂါ၊ လေပူပန်းနာရောဂါ၊ ကလေးသူငယ်နာရောဂါ၊ မီးယပ်သွေးချုပ်ရောဂါများအတွက် ဆေးဖက်ဝင်အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သည်။ စံပယ်ကြီး(တောစံပယ်)များသည် ချုံနွယ်ကြီးများအဖြစ် အချို့ဒေသများ တွင် အလိုအလျောက်ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အပင်ပဉ္စငါးပါး၊ အရွက်၊ အပွင့်များ ဆေးဖက်ဝင် အသုံးပြုသည်။
အပင်ပုံသဏ္ဌာန်
ချုံနွယ်ပင်မျိုးဖြစ်သည်။ အရိုင်းပေါက်လျှင် နွယ်တက်တတ်သည်။ အရွက်မှာ ဇွန်ရွက်ထက် အနည်းငယ်ပိုကြီးသည်။ အပွင့်မှာ အဖြူရောင်ရှိသည်။ အချို့စံပယ်မျိုးတွင် ခရမ်းရောင်အနည်းငယ်နှောသည်။ အပွင့်သေး၊ အပွင့်ကြီးစံပယ်မျိုးကိုလိုက်၍ ကွဲပြားသည်။ အလွန်မွှေးသည်။ အပွင့်မှာ ဇွန်ပွင့်ထက် အနည်းငယ်ကြီးသည်။
ဆေးကျမ်းများအဆို
စံပယ်ရိုးရိုး၏အရွက်သည် ဝမ်းမီးတောက်စေသည်။ ဂုဏ်နှင့်စွမ်းရည်အားဖြင့် အရွက်သည် သလိပ်ကို ပျော်စေတတ်သည်။ တွန့်ချုံ့စေတတ်သည်။ လူကိုဝဖြိုးစေသည်။
စံပယ်ကြီး တောစံပယ်၏အရသာနှင့် အကျိုးသွားမှာ အပွင့်သည်ခါး၏။ ဖန်၏။ ရင့်လျှင်အနည်းငယ် ချို၏။ အေး၏။ ဂုဏ်နှင့် စွမ်းရည်မှာ ၎င်း၏အပွင့်သည် နှလုံး၊ ဆီးချို၊ သည်းခြေဖောက်ပြန်သောရောဂါ၊ ကိုယ်သားကိုယ်ရည် အလွန်ပူသောရောဂါ၊ ရေငတ်ခြင်း၊ အရေပြားရောဂါ၊ သွားကိုက်သွားနာ၊ မျက်စိရောဂါတို့ကို ကောင်းစေနိုင်သည်။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ မီးယပ်သွေးချုပ်ရောဂါဖြစ်လျှင် စံပယ်(ရိုးရိုး)အရွက်၏သတ္တုရည်ကိုသောက်ခြင်းဖြင့် မီးယပ်သွေး ဆင်းစေနိုင်သည်။
၂။ ချောင်းဆိုးရောဂါကြာရှည်ဖြစ်လျှင် စံပယ်ရွက်ခုနစ်ရွက်၏ သတ္တုရည်ကို ကြက်သွန်ဖြူ၊ ပိတ်ချင်းတို့ဖြင့် ရောစပ်တိုက်ကျွေးပါ။
၃။ ကလေးငယ်များချောင်းဆိုးလျှင် စံပယ်ရွက်တစ်ခြမ်း၊ ပေါက်ပန်းဖြူရွက်လေးရွက်တို့၏ သတ္တုရည်နှင့် လက်ချားရွေးလေး ၁ ရွေး သား၊ ငရုတ်ကောင်း ၁ ရွေးသားတို့ကိုအမှုန့်ပြု၍ ပျားရည်နှင့်ရောပြီး လျှာပွတ်ပေးခဲ့သော် သူငယ်နာချောင်းဆိုးရောဂါမှ သက်သာ ပျောက်ကင်းစေနိုင်သည်။
၄။ အဆုတ်ရောဂါဖြစ်လျှင် အဆုတ်ပြွန်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်း၊ နမိုးနီးယားရောဂါဖြစ်ခြင်းတို့ အတွက် စံပယ်ကြီး အရွက်ငါးရွက်၏ သတ္တုရည်ကို ငရုတ်ကောင်းစေ့ခုနစ်စေ့၊ ကြက်သွန်ဖြူခုနစ်မြွှာ၊ ဒန့်သလွန်မြစ် ၆ ပဲသား၊ ပျားရည် ၁ ကျပ် ၈ ပဲသားတို့ကိုရောစပ်၍လျက်ပေးလျှင် ထိုရောဂါများမှ ပျောက်ကင်း၏။
၅။ကလေးသူငယ်များ၌ အဆုတ်အအေးမိ၍ ဖျားလျှင် စံပယ်ကြီးအရွက်တစ်ရွက်၏ လေးပုံတစ်ပုံ၊ ငရုတ်ကောင်းစေ့နှစ်စေ့၊ လက်ချား ၁ ရွေးသားတို့ကို အမှုန့်ပြု၍ ပျားရည်နှင့် ရောစပ်တိုက်ကျွေးခဲ့သော် သက်သာပျောက်ကင်းစေနိုင်သည်။
၆။ ချောင်းဆိုးလျှင်သွေးပါခြင်း၊ သွေးအန်ခြင်း၊ သွေးလျှံခြင်း စသောရောဂါများဖြစ်လျှင် စံပယ်ရွက်ကို ပြုတ်၍ အကြမ်းပန်းကန် တစ်လုံးစာ တစ်နေ့ နှစ်ကြိမ် သောက်သုံးပေးပါ သို့မဟုတ် စံပယ်ပန်းပွင့်ခြောက် များကိုနေလှန်း၍ သိမ်းထားပြီး လက်ဖက်ခြောက် နှင့် ရော၍ ရေနွေးကြမ်းတွင် ခပ်သောက်ပေးပါ။ အဆုတ် ရောဂါ၊ ပန်းနာရောဂါများပါ သက်သာပျောက်ကင်းစေနိုင်သည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment