အုန်းသီး၏ ကျန်းမာရေးအစွမ်းနှင့် အသုံံးပြုပုံံ
အုန်းသီး၏ ကျန်းမာရေးအစွမ်းနှင့် အသုံံးပြုပုံံ
အုန်းသီးကျန်းမာရေးနှင့် ဆေးသိပ္ပံအမြင်
➡ အုန်းသီးတွင် အာဟာရပြုဓာတ်များ မြင့်မားစွာပါရှိနေကြပြီး၊ အမျှင်ဓာတ်ပေါကြွယ်ဝကာ ဗီတာမင် နှင့် သတ္တုဓာတ်များလည်း ပါရှိနေကြပါတယ်။
➡ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသော မြန်မာ့အစားအစာ၏ အာဟာရများစာစောင်အရ အုန်းနို့ ၁ဝဝ ဂရမ်တွင် အဆီ ၂၈ ဂရမ်၊ ပရိုတင်း ၄.၆ ဂရမ် နှင့် ကာဗိုဟိုက်ဒရိတ် ၁.၇ ဂရမ် ပါဝင်ကြောင်း လေ့လာသိရှိရပါတယ်။
➡ အုန်းရည်ဟာ ကယ်လိုရီ နှင့် ကာဗိုဟိုက်ဒရိတ်တို့ အနည်းငယ်မျှသာပါရှိကာ အဆီဓာတ်ကင်းစင်၍ ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ အုန်းရည်တွင် ascorbic အက်ဆစ်၊ ဗီတာမင်ဘီအုပ်စုနှင့် ပရိုတင်းဓာတ်များ မြင့်မားစွာပါရှိနေတဲ့အပြင်၊ ဓာတ်တိုးပစ္စည်း ပါဝင်မှုများပြား၍ လူတွေကို အထူးအကျိုး ပြုကြောင်း လေ့လာတွေ့ရှိရပါတယ်။
➡ အထူးသဖြင့် အုန်းသီးနုနုထဲရှိ အုန်းရည်က electrolyte ရရှိရာ အရင်းအမြစ်ဖြစ်၍ ခန္ဓာကိုယ် ကြွက်သား နှင့် အာရုံကြောများကို ကောင်းစွာအလုပ် လုပ်စေပါတယ်။
➡ အုန်းသီးနုနုထဲတွင် အမြောက်အမြားပါရှိသော အဆီဓာတ်၊ ပရိုတင်း၊ ဗီတာမင် နှင့် သတ္တုဓာတ်များက ခန္ဓာကိုယ်ရှိ တစ်ရှုးများတွင် အောက်စီဂျင်ပြတ်လပ်၍ ပျက်စီးခြင်းကို ပြန်လည်ကောင်းမွန် လာစေပါတယ်။
➡ အုန်းသီးဆန် စားပြီးနောက်၊ ခဏအတွင်းမှာပင် ခွန်အားပြည့်ဝလာ၍ ရုပ်ပိုင်းဆိုင်ရာ သွက်လက် လာစေပါတယ်။
➡ အစာချေစနစ် တိုးတက်လာပါတယ်။
➡ သိုင်းရွိုက်ဂလင်းကို ကောင်းကျိုးပြုပါတယ်။
➡ အုန်းရည်က ကျောက်ကပ်ကို ကျန်းမာစေတဲ့အပြင်၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။
➡ မီးဟပ်ခံရသော လူနာ၊ ရေဓာတ်ခန်းခြောက်သော လူနာ၊ နေလောင်ဒဏ် ခံရခြင်း၊ မကြာခဏ ရေငတ်ခြင်း၊ အာခေါင် (ခံတွင်း) ခြောက်ခြင်းတို့အတွက် အုန်းစိမ်းရည် သောက်ပေးပါ။
➡ ချောင်းဆိုးသွေးပါ ရောဂါအတွက် စပျစ်သီးအနက်နှင့် အုန်းသီးစားပါ။
➡ အဖျားကြီးသူများအတွက် အုန်းသီးအခွံကို မီးရှို့ပြာချ၍၊ ယင်းပြာကို ရေနွေးပူပူတွင်ထည့်ပါ၊ အေးသောအခါ ထိုအရည်ကို စစ်ယူပြီးနောက် အဖျားကြီးသူကို တိုက်ပါ။ အဖျားကျ၍ ရေငတ်လည်း ပြေသွား ပါလိမ့်မယ်။
➡ အုန်းရည်ဟာ သဘာဝသစ်သီးအချိုရည် တစ်မျိုးပဲဖြစ်ပါတယ်။ လူကိုလန်းဆန်းအမောပြေစေသလို၊ သက်လုံကောင်းစေခြင်း၊ အပူကင်းစင်ခြင်းစတဲ့ ကောင်းကျိုးအာနိသင်များကြောင့်လည်း ကိုယ်ဝန်ဆောင် မိခင်လောင်းများသာမက အရွယ် သုံးပါးမရွေး သောက်သုံးသင့်ပါတယ်။
➡ နာလန်ထစ လူနာများ၊ ၀မ်းလျှောဝမ်းပျက်ပြီးနောက် နေကောင်းကာစ လူနာများ အုန်းစိမ်းရည် သောက်ပါ။
➡ Cold Press Coconut Oil သည် အုန်းသီးမှရသော အနာကျက်၊ ပဋိဇီဝဆေး ကိုယ်ခံစွမ်းအားဆေး တစ်မျိုးဖြစ်သည်။
အုန်းဆီ နှင့် ကျန်းမာရေး။
➡ အုန်းဆီကို ငယ်ထိပ်မှစ၍ ဦးရေပြားအနှံ့ စိမ့်ဝင်အောင်လိမ်းပေးခြင်းဖြင့် ဦးခေါင်းတစ်ခုလုံး ပေါ့ပါးလန်းဆန်းသော ခံစားမှုကို ချက်ချင်းရရှိနိုင်ပါတယ်။ ခေါင်းကိုက်ပျောက်စေပါတယ်။ ဒါ့ပြင် ဆံပင် နက်မှောင် ပြောင်လက်ခြင်း၊ ဆံသားချောမွတ် ခြင်း၊ ဆံပင်သန်ခြင်း၊ ဦးရေပြားအေး၍ ဗောက်ပျောက် စေပါတယ်။
➡ အုန်းဆီက ဦးရေပြားအစိုဓာတ်ကို ထိန်းပေးနိုင်တာကြောင့် ဆံပင် နှစ်ခွဖြစ်ခြင်းနှင့် ဆံသားကြမ်း၍ မွဲခြောက်ခြောက်ဆံပင်များကို ကောင်းကျိုးဖြစ်စေပါတယ်။
➡ နားပြည်တည်သူများ နှင့် နားရောဂါအမျိုးမျိုးတို့အတွက် အုန်းဆီက လွန်စွာ ကောင်းကျိုးပြုပါတယ်။
➡ နံနက်အိပ်ယာထ သွားမတိုက်ခင် ပါးစပ်တစ်ဝိုက်ကို မိနစ်နှစ်ဆယ်ခန့် ကြိုတင်၍ အုန်းဆီလိမ်း ပေးခြင်းက ခန္ဓာကိုယ်အဆိပ်အတောက် ပြေစေပါတယ်။ ခေါင်းကိုက်ခြင်းကိုသက်သာစေရုံသာမက၊ သွားများကို လည်း ဖြူဖွေးစေနိုင်ပါတယ်။ သွားနှင့်သွားဖုံးကျန်းမာရေးအတွက်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။
➡ အသားအရေ ပက်ကြားအက်လေ့ရှိသူများနှင့် အရေပြားကြမ်းထော်သူများအတွက် အုန်းဆီကို လိုးရှင်း(lotion) အဖြစ် ခပ်ပါးပါး လိမ်းပေးနိုင်ပါတယ်။
➡ နှာရည်ကျ၍ နှာတရှုပ်ရှုပ်ဖြစ်နေသူများအဖို့၊ အုန်းဆီရှူပေးပါ (သို့မဟုတ်) နှာခေါင်းပေါက်ထဲကို အုန်းဆီအနည်းငယ် ဆွတ်လိမ်းပေးပါ။
➡ နှုတ်ခမ်းသား ခြောက်သွေ့ကွဲအက်လေ့ရှိသူများအတွက် ညအိပ်ယာဝင်ခါနီးမှာ နှုတ်ခမ်းနှစ်လွှာ ပေါ်ကို အုန်းဆီလိမ်း၍ အိပ်ပါ။
➡ အုန်းဆီက မျက်နှာပေါ်ရှိ မိတ်ကပ် နှင့် mascara တွေကို ကုန်စင်အောင်ဖျက်ပေးနိုင်စွမ်းရှိပါယ်။ (သို့သော် မျက်စိထဲသို့ ဆီမဝင်အောင် သတိပြု၍ သုံးစွဲပါ)
➡ အမျိုးသားတွေ မုတ်ဆိတ်မွှေးရိတ်တဲ့အခါ ထိခိုက်ရှနခြင်းမှကာကွယ်ရန်အတွက် မုတ်ဆိတ်မွေး ရိတ်မည့် ပါး၊ မေးစေ့ စတဲ့ နေရာတစ်ဝိုက်ကို အုန်းဆီဖြင့် ကြိုတင်၍လိမ်းထားနိုင်ပါတယ်။ ဒါ့ပြင် Razor(ဓား) ပေါ်မှ အမွေးတွေကို အလွယ်တကူ သုတ်သင်ဖယ်ရှားနိုင်ပါတယ်။
➡ အုန်းဆီက မျက်နှာပေါ်တွင် အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တာကြောင့် အရေအကြာင်း ဖြစ်ပေါ်လေ့ရှိတဲ့ နေရာများဖြစ်ကြသော မျက်ဝန်းနှင့် နှုတ်ခမ်းတစ်ဝိုက်ပေါ်ကို အုန်းဆီ လိမ်းပေးနိုင်ပါတယ်။ မျက်ကွင်းညိုသူများလည်း လိမ်းပေးသင့်ပါတယ်။ (သို့သော် ဆီများပိုလျှံ၍ မျက်လုံးထဲစိမ့်မဝင်စေဖို့အတွက် သင့်ရုံသာသုံးစွဲပါ)
➡ မျက်နှာပေါ်ရှိ ၀က်ခြံအမာရွတ်တွေကြောင့် အသားအရေ ပွစိစိဖြစ်နေသူများက မျက်နှာပေါ် အုန်းဆီလိမ်းပြီးနောက်၊ ဆယ့်ငါးမိနစ်ခန့်အကြာမှာ ရေခပ်နွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ ဒီနည်းက အုန်းဆီဖြင့် အသားအရေပေါင်းတင်နည်းဖြစ်တာကြောင့် မျက်နှာကို နူးညံ့ချောမွတ်စေနိုင်ပါတယ်။
➡ အုန်းဆီက မွေးညှင်းပေါက်ဆဲလ်တွေကို အားဖြစ်စေကာ အမွေးသန်စေတဲ့အတွက် မျက်ခုံးမွေး ကောင်းချင်သူများက အုန်းဆီလိမ်းပေးနိုင်ပါတယ်။ (သို့သော် မျက်စိထဲသို့ ဆီမဝင်အောင် သတိပြု၍သုံးစွဲပါ)
➡ အုန်းဆီက အသားအရေနေလောင်ခြင်းကို သက်သာစေနိုင်တဲ့အတွက်၊ ဥပမာ နွေရာသီ သင်္ကြန်ရေ ကစားကြသူများနှင့် အပန်းဖြေကမ်းခြေလမ်းလျှောက်သူများအနေဖြင့် နေပူထဲမထွက်ခင် ခြေလက်များကို အုန်းဆီဖြင့် ကြိုတင်၍ လိမ်းပါ။
➡ တံခါးပတ္တာတွေ တကျွီကျွီအသံမြည်တဲ့အခါ (သို့မဟုတ်) သော့ခလောက်တွေ ဖွင့်မရတဲ့အခါ အုန်းဆီထည့်လိုက်တာနဲ့ ကောင်းသွားပါတယ်။
➡ အဝတ်လျှော်၊ ပန်းကန်ဆေး စသဖြင့် မကြာခဏ ရေကိုင်ရတာကြောင့် လက်သည်းပန်းကုန်း (ခေါ်) လက်သည်းအရင်းရှိ အခွံမာနေရာမှာ အရေပြားလန်၍ နာကျင်ခြင်းနှင့် အရေတွန့်ခြင်းများအတွက် တစ်နေ့ နှစ်ကြိမ် အုန်းဆီလိမ်းပေးရုံမျှဖြင့် သက်သာပျောက်ကင်းစေပါတယ်။
မှတ်ချက်။
🏆 အုန်းရည်ထဲမှာ ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရတွေ အမြောက်အမြားပါရှိနေပါတယ်။ သို့သော် ထိုအုန်းသီးကို ခွဲလိုက်သည်နှင့်တစ်ပြိုင်နက် အုန်းရည်ဟာ လေနှင့်ဓာတ်ပြုသွားတာကြောင့် အာဟာရ တန်ဖိုးတွေ လျော့ကျ ကုန်ပါ တယ်။ ဒါ့ပြင် အချိန်ကြာလာတာနဲ့အမျှ အုန်းရည်ဟာ သူ့အလိုလို အချဉ်ပေါက်သွားပါတော့တယ်။ ဒါကြောင့် အုန်းသီး ခွဲပြီးပြီးချင်း အချိန်မဆွဲဘဲ အုန်းရည်ကို ချက်ချင်း သောက်သုံးပေးသင့်ပါတယ်။
အထူးသတိပြုရန်။
➡ အားကစားသမားများ၊ ဆီးချို သွေးချိုရောဂါရှိသူများ၊ ဓာတ်မတည့်ရောဂါ(Allergies) ရှိသူများ၊ ဆီးရွှင်ရောဂါရှိသူများ၊ ၀မ်းပျော့သူများ၊ ဗိုက်မကောင်းသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများ၊ ကိုယ်အလေးချိန် လျှော့ချလိုသူများအနေဖြင့် အုန်းရည် မသောက်သင့်ပေ။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည်မျှဝေပါသည်
Comments
Post a Comment