တမာပင် နှင့်ဆေးနည်းတို
တမာပင် ( Margosa or Nim tree)
Botany Term : Azadirachta indica A Juss
Species/Family : Meliaceae
ပုံသဏ္ဌာန်
အပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွှေးရွက်ပေါင်းဖြစ်၍ ရွက် မွှာများသည် ငါးစုံမှ ခြောက်စုံအထိ ရှိသည်။ လှံစွပ်ပုံအရွက်များ ရွက်ဆိုင်ထွက်သည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းအနားတစ်ဖက် သွယ်သည်။ အဖြူ ရောင် အပွင့်ငယ်လေးများ ပွင့်သည်။ တစ်စေ့ခွံသီးဖြစ်ပြီး လုံးဝိုင်း သည်။
အပင်
ပင်စည် ဖြောင့်သော အမြဲစိမ်း သစ်မာပင်မျိုး ဖြစ်၏။ အမြင့်ဆုံး ပေ ၅၀၀ ထိရှိတတ်သည်။
အခေါက်
မွဲပြာရောင်ရှိ၍ ကြမ်းသည်။
အရွက်
ငှက်မွေး ရွက်ပေါင်းဖြစ်၍ ရွက်လွှဲ ထွက်သည်။ အလျား ၈-၁၅ လက်မ ရှည်သည်။ ရွက်မြွာများ မျက်နှာချင်းဆိုင်ထွက်သည်။ လှံစွပ်ပုံရှိသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းသွယ်သည်။ ရွက်နား ခွေးသွားစိပ် ရှိ၏။
အပွင့်
ငယ်သည်။ ချိုမွှေးခါးသက်သော အနံ့ရှိ၍ ဖြူဝါဝါအရောင်ရှိ၏။ တပေါင်းလမှ ကဆုန်လအထိ ပွင့်၏။
အသီး
ရှည်မျောမျော ပုံဖြစ်သည်။ အစေ့ တစ်စေ့သာ ပါသည်။ အစေ့ အနီဖျော့ရောင်ရှိသည်။ အသီးအရောင်မှာ နုစဉ်စိမ်း၍ မှည့်လျှင် အဝါနုရောင်ရှိ၏။ ကဆုန်၊ နယုန်တွင် သီးသည်။
အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
အပွင့် ၊ အစေး ၊ အဆီ ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အခက်အရိုး။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ
သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ တမာသည် ခါးသော အရသာ ရှိ၏။ ကြေကျက်သောအခါ စပ်ဖျဉ်းဖျဉ်းရှိ၏။ အေး၏။ လေ၊ သည်းခြေ သလိပ်တို့ကို ပယ်တတ်၏။
အသုံးပြုပုံ-
➡အပွင့်ကို ရှူရှိုက်လျှင် အမူးအမော် ပြေစေသည်။
➡တမာစေးကို အားဆေး၊ အစာကြေဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။
➡အသီးဆီကို ယားယံသော အနာများ ပျောက်ကင်းရန် လည်းကောင်း၊ သန်ချဆေးအဖြစ် လည်းကောင်း သုံးနိုင်သည်။
➡တမာခေါက်ကို သွေး၍ ဆားနှင့် သောက်သော် အဖျားပျောက်၏။
➡တမာရွက်ပြုတ်၍ ရေချိုးက အယားအယံ ပျောက်၏။
➡တမာရွက်ရည်ကို မျက်စိ၌ ခတ်ပေးခြင်းဖြင့် မျက်စိ ယားယံခြင်း၊ ပူခြင်း၊ မျက်ရည်ပူကျခြင်း ပျောက်၏။
➡တမာရွက်ကို ကျွမ်းအောင်လှော်၊ အမှုန့်ပြုပြီး ဆားအနည်းငယ် ထည့်၍ နေ့စဉ် သွားတိုက်ပေးသော် သွားကိုက်သွားနာ ရောဂါကင်းဝေး၍ သွားများကို ဖြူစင် ခိုင်မာ စေ၏။
➡ တမာသီးကို နေ့စဉ် စားပေးလျှင် ဆီးရောဂါ ပျောက်ကင်း၏။
➡အခက်အရိုး - တမာအရိုးတံကို သွားကြား ထိုးတံအဖြစ် အသုံးပြုခြင်းဖြင့် သွားရောဂါ ကင်းစင်စေသည်။
ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ။🙏
Source -WKPD
Comments
Post a Comment