စပါးလင်နှင့် ၎င်း၏ဆေးဘက်ဝင်ပုံ
စပါးလင်နှင့် ၎င်း၏ဆေးဘက်ဝင်ပုံ
အင်္ဂလိပ်အမည် - Lemon grass
မျိုးရင်း- Poaceae
ရုက္ခဗေဒအမည် - Cymbopogon Schoenanthus
အဓိကဆေးဖက်ဝင်ပုံ
အစာမကြေရောဂါ၊ နှာစေးချောင်းဆိုး ရောဂါ၊ အဖျားရောဂါ၊ သွေးပျစ်သော ရောဂါ၊ နှာစေးနှာပိတ်၊ နှာခေါင်းအနံ့မရရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဝဲနာ ယားနာ၊ အရေပြားရောဂါများအတွက် အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
စပါးလင်(Lemon grass)နှင့် စပါးလင်မွေး (Lemon grass)သည် အာရှတိုက်၊ အာဖရိကတိုက်၊ သြစတြေးလျတိုက်တွင် ပေါက်ရောက် သော မြက်ပင်မျိုးနွယ် ဝင်အပင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင်နေရာအနှံ့အပြား ပေါက်ရောက်သည်။ စပါးလင်မွေးကို စနစ်တကျ စိုက်ပျိုးကြသည်။ အမြင့်ပေ ၂၀၀၀ အထိ ဖြစ်ထွန်း နိုင်သည်။ စီးပွားဖြစ်စိုက်ပျိုးလျှင် တစ်နှစ် အတွင်း ရိတ်သိမ်းနိုင်သည်။ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် ရိတ်သိမ်းနိုင်သည်။ မြေကို ပြုပြင်ပေါင်တင်ပြီး ရေသွင်းစိုက်ပျိုး၍လည်းရသည်။ စိုက်ပြီး ဒုတိယနှစ်မှစ၍ တစ်နှစ်လျှင် ၂ ကြိမ် (သီတင်းကျွတ်လတွင် ၁ ကြိမ်၊ တပို့တွဲလတွင် ၁ ကြိမ်) ရိတ်သိမ်းနိုင်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း-
အရွက်၊ အမြစ်ခေါင်း၊ အဆီ။
အပင် -
သက်ငယ်ပင်နှင့်သဏ္ဌာန်တူ သည်။ ၄ ပေမှ ၆ ပေအထိမြင့်၍ စပါးလင် သည် အနံ့အလွန်မွှေးသည်။
အရွက် -
၃ ပေခန့်ရှည်သည်။ အရင်း ဘက်တွင်ကြီး၍ အဖျားတွင် တဖြည်းဖြည်းချွန်သွားသည်။
အပွင့် -
အပင်အလယ်မှ ထွက်၍ ထိပ်ဖျားတွင် အဆုပ်လိုက်ဖွာပြီး ပွင့်သည်။ သီတင်းကျွတ်လကုန်တွင် ဖူးတံများ ထွက် ပြီး ပြာသို၊ တပို့တွဲလတို့တွင် ကိုင်းပွင့်များ ကဲ့သို့ ပွင့်သည်။
စပါးလင်အမွေးမှ စပါးလင်ဆီကို ထုတ် ယူကြသည်။ စီထရိုနယ်လာဆီကို အမွှေးအကြိုင်ပြုလုပ်ရာတွင် အသုံးပြုကြသည်။ အစာကြေ စေရန်အတွက် ဆေးအဖြစ်လည်းအသုံးပြုသည်။ ထိုစပါးလင်ဆီကို ဗယ်စလင်နှင့်ရော၍ အရေပြားပေါ်၌ သုတ်လိမ်း ထားလျှင် ခြင်မကိုက်သဖြင့် ခြင်ကာကွယ်လိမ်းဆေးအဖြစ် အသုံးပြုသည်။
ဆေးကျမ်းများအဆို
အရသာနှင့် အကျိုးသွား ။ ။ ဖန်၏။ ခါး၏။ဝိပါက၌ စပ်၏။
ဂုဏ်နှင့်စွမ်းရည် -
နှလုံး၊ လည်ချောင်း နှင့်ပတ်သက်သော ရောဂါ၊ သွေးအန်သွေးကျ၊ လေထိုးလေအောင့်၊ ကာလဝမ်း၊ ချောင်းဆိုး၊ သလိပ်ဖျားတို့ကို ပျောက်ကင်းစေနိုင်၏။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ သွေးပျစ်သောရောဂါဖြစ်လျှင် စပါး လင်ခေါင်းကိုထုခြေပြီး စစ်ယူ၍ ရရှိ သောအရည်ဟင်းစားဇွန်း ၁ ဇွန်းမှ ၃ ဇွန်းအထိ တိုက်ကျွေးလျှင် သွေးကျဲစေနိုင်သည်။
၂။ အဆစ်ရောင်၊ အဆစ်ကိုက်ဖြစ်လျှင် စပါးလင်အဆီကို ရောင်ရမ်းသော နေရာ၌ ပွတ်လိမ်းပြီး ပတ်တီးစည်း ပေးထားလျှင် အရောင်ကျပြီး အကိုက်အခဲသက်သာစေနိုင်သည်။
၃။ ဆံပင်ကျွတ်ရောဂါဖြစ်လျှင် စပါးလင် အဆီကို အုန်းဆီနှင့် ဆတူရောစပ်၍ ဦးခေါင်း၌ လိမ်းကျံပေးပါက ဆံပင်ကျွတ်ခြင်းမှ သက်သာ၍ ဗောက်များ၊သန်းပိုးများကပ်ခြင်းမှ သက်သာစေနိုင်သည်။
၄။ ဝမ်းဗိုက်နာရောဂါဖြစ်လျှင် အရွက်ကို ရေနွေးဖြင့်ပြုတ်၍ သောက်ပေး ပါက သက်သာစေနိုင်သည်။
၅။ အဖျားနှင့် နှာစေး၊ ချောင်းဆိုးတွဲ၍ဖြစ်လျှင် စပါးလင်တစ်ပင်လုံးကို ၃ခွက် ၁ ခွက်တင် ပြုတ်၍ သောက်သုံးပေးပါက သက်သာစေနိုင်သည်။
၆။ အရေပြားတွင်ပေါက်သော ယားနာ များကို စပါးလင်အဆီလိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။
၇။ ခြေလက်သေသောရောဂါ၊ အကြော မသန်သောရောဂါများဖြစ်လျှင် စပါး လင်ရွက်ကို အရည်ညှစ်၍ နေ့စဉ် လိမ်းကျံပေးလျှင် တဖြည်းဖြည်းသက်သာလာစေနိုင်သည်။
၈။ အစာမကြေရောဂါရှိသူများသည် ဟင်းချက်ရာတွင် စပါးလင်ကို ထည့် ချက်ခြင်းဖြင့် အစာကြေစေနိုင်သည်။
၉။ မြန်မာ့ရိုးရာ မုန့်ဟင်းခါး ဟင်းချက်ရာတွင် စပါးလင်ကို အထုံးလိုက် ထည့်ချက်လျှင် ငါးအညှီနံ့ပျောက် သည့်အပြင် ဟင်းကို မွှေးကြိုင်စေနိုင်သည်။
၁၀။ တုပ်ကွေးရောဂါကာကွယ်ရန်အတွက်စပါးလင်ကို ပါးပါးလှီးပြီး ဘဲဥနှင့် ရောကြော်စားလျှင် ရာသီတုပ်ကွေး ရောဂါမှ ကာကွယ်နိုင်သည်။
ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။🙏
Credit - Original Writer
တဆင့်ပြန်လည််မျှဝေပါသည်
Comments
Post a Comment